ဗဟိုစိုက်ပျိုးရေးသုတေသနနှင့်လေ့ကျင့်ပညာပေးဌာန
(Central Agriculture Research and Training Center - CARTC)

တည်နေရာ

ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာနသည် ရန်ကုန်မြို့၏ အရှေ့မြောက်အရပ် ၃၆ မိုင်အကွာ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းဘေးတွင် တည်ရှိပါသည်။

cartc

ဧရိယာအကျယ်အဝန်း

လယ်မြေ ၂ဝ ဧက
ယာမြေ ၆ ဧက
အဆောက်အဦနှင့်လမ်း
၃၄ ဧက
စုစုပေါင်း ၆ဝ ဧက

ရည်ရွယ်ချက်

  • အထွက်ကောင်း သီးနှံမျိုးများ၏ စိုက်ပျိုးနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊
  • သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် သုတေသနပြု စမ်းသပ်စိုက်ပျိုးရန်၊
  • မြေဆီလွှာ၊ သီးနှံကာကွယ်ရေးနှင့် အပင်တစ်သျှူးမွေးမြူရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊
  • ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်များကို စိုက်ပျိုးရေးပညာရှင်များအတွင်း တိုးတက်ပြန့်ပွားစေရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချရန်၊

ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား

CARTC တွင်

  • (၁) သုတေသနနှင့် စိုက်ကွင်း
  • (၂) သင်တန်းနှင့် သတင်းအချက်အလက်
  • (၃) မော်တော်ယာဉ်နှင့် လယ်ယာသုံးစက်ကိရိယာ
  • (၄) စီမံခန့်ခွဲရေးနှင့် ငွေစာရင်း
  • (၅) အဆောင်နှင့် စားရိပ်သာ
  • (၆) ဥယျာဉ်သီးနှံနှင့် သန့်ရှင်းသာယာလှပရေး
  • (၇) လုံခြုံရေး
  • (၈) ရေမီး

ဌာနစု (၈)ခုဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းဝန်ထမ်းအင်အား (၇၁)ဦး ရှိပါသည်။

ဖွင့်လှစ်လျှက်ရှိသောသင်တန်းများ

CARTC တွင် ဘာသာရပ်ဆိုင်ရာ အထူးသင်တန်းများနှင့် ရိုးရိုးသင်တန်းများ၊ လုပ်ငန်းခွင်ဝင် အကြို သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စီမံခန့်ခွဲရေးနှင့် ငွေစာရင်းသင်တန်းများ ဖွင့်လှစ်လျှက်ရှိပါသည်။

သုတေသနလုပ်ငန်းများ

ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာနအနေဖြင့် စိုက်ပျိုးရေးပညာရှင်များအား ဘာသာရပ်ဆိုင်ရာ သင်တန်းမျး ပို့ချပေးရုံသာမက

  • ဥယျာဉ်ခြံသီးနှံ သုေတသနလုပ်ငန်း (ဥပမာ – ဗိုင်းရပ်ရောဂါ ကင်းစင်သည့် ငှက်ပျော၊ ရှားစောင်း၊ နာနတ်နှင့် သစ်ခွများအား တစ်သျှူးပွားများ နည်းဖြင့် မျိုးပွားခြင်း၊ သံပုရာ၊ ကျွဲကော၊ သစ်ခွတို့ကို လျင်လျင်မြန်မြန် ပွားများနိုင်သည့် အပင်တစ်သျှူး မွေးမြူနည်းများအား စူးစမ်းရှာဖွေလေ့လာခြင်း)၊
  • မြေဆီလွှာ သုတေသနလုပ်ငန်းများ (ဥပမာ - ဓာတ်မြေသြဇာ အရည်အသွေး ထိန်းသိမ်းခြင်း၊ မြေဆီလွှာ၊ ရေ ဓာတ်ခွဲစမ်းသပ်ခြင်း၊ မြေဆီလွှာ ရူပဂုဏ်သတ္တိနှင့် မြေဆွေးဓာတ်ပါဝင်မှု၊ ဆားငန်နှင့် အချဉ်မြေဆီလွှာ ခွဲခြားစူးစမ်းလေ့လာခြင်း)၊
  • သီးနှံကာကွယ်ရေးသုတေသန လုပ်ငန်း (ဥပမာ - အဓိက ဖျက်ပိုးများအား ဇီဝနည်းအားဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ အကျိုးပြုအင်းဆက်ပိုးများအား မွေးမြူပွားများခြင်း၊ ပေါင်းကာကွယ်နှိမ်နင်းသည့် နည်းလမ်းများ လေ့လာ စူးစမ်းခြင်း၊ ပေါင်း စုဆောင်းခြင်းနှင့် အမျိုးအစားခွဲခြားခြင်း၊ မျိုးစေ့ဆောင် ရောဂါများ လေ့လာခြင်း၊ အဓိကဖျက်ပိုးများ၏ဇီဝကမ္မဗေဒအား လေ့လာခြင်း) နှင့်
  • စိုက်ကွင်းသုတေသနလုပ်ငန်း (ဥပမာ- စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးများ စမ်းသပ်စိုက်ပျိုးခြင်း၊ မျိုးစပါးများ စမ်းသပ်စိုက်ပျိုးခြင်း၊ ပွားများထုတ်လုပ် ခြင်း၊ စိုက်ပျိုးနည်းစနစ်များ စမ်းသပ်သုတေသနပြုလုပ်ခြင်း၊ စပါးလမိုင်းစမ်းသပ်ခြင်း၊ စပါး-ငါး တွဲဘက်စိုက်ပျိုးခြင်း၊ သီးနှံပုံစံများ စမ်းသပ်စိုက်ပျိုးခြင်း၊ ဘဲ-စပါး တွဲဘက်စိုက်ပျိုးခြင်း၊ စပါးတွင် အကျိုးပြုဇီဝမြေသြဇာ (အီးအမ်)ကိုသုံး၍ စိုက်ပျိုးထုတ်လုပ်ခြင်း)
စသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။